ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ

Image: 

အစိုးရတစ်ရပ်ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မယ်ဆိုရင် ပြည်သူတွေက နှင်းအပ်လာတဲ့ အာဏာကို ဘယ်လောက်များများ ရနိုင်တယ်၊ ဘယ်လောက်ကြာကြာ ကျင့်သုံးနိုင်တယ်ဆိုတဲ့ အသေးစိတ်တွေကို ဖော်ပြပေးတဲ့ ဥပဒေမူဘောင်တစ်ခု လိုလာပါတယ်။ အဲဒီလို ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။နိုင်ငံအများစုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရှိကြပါတယ်။ တစ်ပုံစံတည်း၊ တစ်မျိုးတစ်စားတည်း မဟုတ်ကြပေမယ့် ယေဘုယျအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေမှာ အစိုးရတွေကို ဘယ်လို တင်မြှောက်မယ်၊ အစိုးရရဲ့ အာဏာကို ဘယ်လို ကန့်သတ်မယ်၊ နိုင်ငံသားတွေဟာ ဘယ်လို တာဝန်တွေကို ယူရမယ်၊ ဘယ်လို အခွင့်အရေးတွေကို ရရှိမယ် ဆိုတဲ့ အချကအလက်တွေ ပါဝင်ကြတာချင်းကတော့ တူညီကြပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ရေးဆွဲဖို့ လိုအပ်တယ်၊ ရှိသင့်တယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးရာလောက်ထဲက တချို့နိုင်ငံတွေမှာ စတင်စဉ်းစားလာမိခဲ့ကြပါတယ်။ ပထမဆုံး စဉ်းစားကြစဉ်အခါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေဟာ အဲဒီခေတ်ကာလက အာဏာပိုင်ဆိုင်နေတဲ့ သက်ဦးဆံပိုင် ရှင်ဘုရင်တွေ၊ ဘုရင်မတွေရဲ့ အာဏာတွေကို ကန့်သတ်ဖို့ပဲ ဖြစ်ပါတယ်။ အဲသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ သက်ဦးဆံပိုင်ဘုရင်တွေရဲ့ အာဏာကို ထိန်းချုပ်တာကို စည်းမျဉ်းခံ ဘုရင်စနစ်လို့ ခေါ်ပါတယ်။ ဒီလို ကန့်သတ်ဖို့ ကြိုးစားတဲ့အခါမှာ ဥပဒေ စာရွက်စာတမ်း တစ်ခုတည်းအတွင်းမှာ အပြည့်အစုံ ရေးသားဖော်ပြတာမျိုး ရှိသလို၊ ဥပဒေ စာရွက်စာတမ်းပေါင်း များစွာထဲမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း ထည့်သွင်း ကန့်သတ်ရတာတွေလည်း ရှိပါတယ်။ဗြိတိန်နိုင်ငံမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ခုတည်းသော ဥပဒေ စာရွက်စာတမ်းနဲ့ ရေးသားထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ ၁၇၈၀ ပြည့်လွန် နှစ်တွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ပေါင်းတစ်စည်းတည်းသော ဥပဒေ စာရွက်စာတမ်းတစ်ခုအဖြစ် စတင်ရေးသားခဲ့ပါတယ်။ ရပ်ထဲရွာထဲမှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြတဲ့အခါ၊ တစ်ဦးထက်ပိုမိုပိုင်ဆိုင်ကြတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ထူထောင်တဲ့အခါ သင်းဖွဲ့စည်းမျဉ်းတွေ ရေးသားပြီး အဲဒီစည်းမျဉ်းတွေအတိုင်း လုပ်ကိုင်ဆောင်ရွက်ကြတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသလို သဘောမျိုးပါပဲ။မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအမျိုးမျိုး ရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ်ကစလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုကို စတင်ပြီး ကျင့်သုံးခဲ့ပါတယ်။ အဲဒီနောက်တော့ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု၊ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာတော့ လက်ရှိကျင့်သုံးနေဆဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုကို ဆက်လက်ပြုစုထားရှိခဲ့ကြပါတယ်။ကမ္ဘာပေါ်မှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအများကြီးမှာကျင့်သုံးနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေထဲကမှ အရှည်လျားဆုံး တစ်ခုကို ပြပါဆိုရင်တော့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြရမှာပါပဲ။ အခန်းပေါင်း ၂၂ ခန်း၊ အပိုဒ်ပေါင်း ၄၄၄ ပိုဒ်၊ နောက်ဆက်တွဲ ဇယားပေါင်း ၁၂ ခုအပြင်၊ ပြင်ဆင်ချက်ပေါင်း ၁၁၈ ခု ပါဝင်ပါတယ်။ အတိုဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ မိုနာကိုနိုင်ငံမှာ ကျင့်သုံးနေပါတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ အခန်းပေါင်း ၁၀ ခန်း၊ အပိုဒ်ပေါင်း ၉၇ ပိုဒ် ပါဝင်ပါတယ်။