ပြည်ချစ်ဝါဒ - Patriotism

Image: 

(တစ်ချို့ကတော့ ဒီစကားလုံးကို မျိုးချစ်စိတ်၊ မျိုးချစ်ဝါဒလို့ သုံးစွဲကြပါတယ်။ အမှန်တော့ လူမျိုးဖြစ်မှုထက် တိုင်းပြည်နိုင်ငံ တည်ရှိမှုပေါ်မှာ အဓိက အခြေခံတာကြောင့် ပြည်ချစ်ဝါဒလို့သာ သုံးစွဲလိုက်ရပါတယ်။)ပြည်ချစ်စိတ်ဆိုတာဟာ တိုင်းပြည်/နိုင်ငံတစ်ခုနဲ့ အဲဒီတိုင်းပြည်နိုင်ငံက အမွန်အမြတ် တန်ဖိုးထားစရာတွေကို ချစ်ခင်မြတ်နိုးတဲ့စိတ်ကို ဆိုလိုတာပါ။ အမျိုးသားရေးဝါဒကို ပြင်းပြင်းထန်ထန် သည်းသည်းမည်းမည်း ယုံကြည်တဲ့အခါ တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုပါ မြတ်နိုးတန်ဖိုးထားရာရောက်တာကိုလည်း ပြည်ချစ်ဝါဒလို့ ခေါ်နိုင်ပါတယ်။ တိုင်းပြည်/နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်အပိုင်းအခြားထဲမှာ ရှိနေတဲ့သူတွေ၊ အဲဒီရေမြေမှာ မွေးဖွားလာသူတွေရဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်မှု၊ အချုပ်အခြာအာဏာပိုင် အစိုးရကို တည်တံ့ခိုင်မာစေလိုမှုဟာ ပြည်ချစ်ဝါဒပါပဲ။ တိုင်းပြည်/နိုင်ငံက လွတ်လပ်ပါမှ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို ကာကွယ်နိုင်မှာမို့ အချုပ်အခြာအာဏာ တည်တံ့မှုကို ပြည်ချစ်ဝါဒီတွေက အရေးကြီးတယ်လို့ သတ်မှတ်ကြတာပေါ့။ အဲသလို စိတ်ထားနဲ့ အယူအဆရှိတဲ့သူဟာ သူ့တိုင်းပြည်၊ သူ့နိုင်ငံ ရေမြေမှာ မနေရဦးတော့ ဒီလိုစိတ်ထား၊ အယူအဆမျိုး ရှိနေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ပြည်ချစ်စိတ်ရှိတိုင်း အစိုးရကို ချစ်စိတ်/လက်ခံလိုစိတ် ရှိကြတာ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒီတစ်ယောက်က သူ့တိုင်းပြည် နိုင်ငံနဲ့ပတ်သက်လို့ လက်ခံထားတဲ့ တန်ဖိုးထားမှုတွေကနေ တည်ဆဲအစိုးရက ကင်းကွာနေတယ်လို့ ယူဆတာမျိုး ဖြစ်နိုင်ပါတယ်။တိုင်းပြည်/နိုင်ငံ တစ်ခုက နိုင်ငံသား/ပြည်သူတွေဟာ ပြည်ချစ်စိတ်ရှိတယ်၊ ပြည်ချစ်ဝါဒကို ကိုင်စွဲတယ်ဆိုရင်တောင်မှ သူ့အမြင်ကိုယ့်အမြင် ကွာခြားမှုကြောင့် ချစ်ပုံချစ်နည်းကွာခြားပြီး ရပ်တည်ပုံ ကွာခြားတာလည်း ရှိပါတယ်။ တစ်ချို့တွေက ဒီလို နိုင်ငံရေးအမြင်ရှိမှ ပြည်ချစ်စိတ်ရှိတယ်လို့ ထင်ကြချိန်မှာ တစ်ချို့တွေက ဟိုနိုင်ငံရေးအမြင်ရှိမှသာ တကယ်ပြည်ချစ်စိတ်ရှိတဲ့သူတွေလို့ သတ်မှတ်ကြတယ်။ ဒီတော့ အခြေအနေအမျိုးမျိုးမှာ တုံ့ပြန်ပုံတွေ မတူကြဘူးပေါ့။ တစ်ချို့တွေက တိုင်းပြည်အတွက် အသက်ကို လောင်းကြေးထပ် စတေးထားရတဲ့ စစ်သားလုပ်တာဟာ ပြည်ချစ်စိတ်ကို ပြသတာလို့ မြင်တယ်။ တစ်ချို့ကတော့ ငြိမ်းချမ်းရေးကို တောင်းဆို ဆန္ဒပြပွဲတွေမှာ ပါဝင်ချီတက်တာကို ပြည်ချစ်စိတ်လို့ သဘောထားတယ်။ တစ်ခါတစ်လေမှာတော့ ဘာသာရေးကလည်း ပြည်ချစ်ဝါဒအပေါ် သက်ရောက်မှုရှိတတ်တယ်။ ပြည်ချစ်ဝါဒီတွေ အများစုကိုးကွယ်တဲ့ ဘာသာတရားတစ်ခုနဲ့ အစိုးရလုပ် အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေရဲ့ ဘာသာရေး ကိုးကွယ်မှု မတူညီ ဖြစ်တဲ့အခါမှာ၊ ဒါမှမဟုတ် ပဋိပက္ခတစ်စုံတစ်ရာ ရှိတဲ့အခါတွေမှာ ဘာသာရေး ယုံကြည်မှုကို ကိုင်စွဲပြီး ပြည်ချစ်စိတ်အဖြစ် ပုံဖော်တုံ့ပြန်ကြတာတွေလည်း ရှိပါတယ်။ လူမှုလူတန်းစား အမျိုးမျိုး၊ ဘဝအထွေထွေနဲ့ နေထိုင်ကြရာမှာ မိခင်တိုင်းပြည်/နိုင်ငံဆီကနေ မျှော်လင့်ချက်တွေ မတူညီနိုင်တဲ့အလျောက် နိုင်ငံသား/ပြည်သူ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြည်ချစ်စိတ်/ပြည်ချစ်ဝါဒ ကိုင်စွဲမှု အတိုင်းအတာဟာလည်း ကွာခြားကြမှာပါပဲ။